International News

ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနေရာများအနက် တရုတ်နိုင်ငံ၊ ရှန်းကျန်း အထူးစီးပွားရေးဇုန်၏ စက်မှုလုပ်ငန်းကဏ္ဍ၊ စီးပွားရေးလည်ပတ်ပုံနှင့် မူဝါဒ

Last Updated:

တရုတ်နိုင်ငံ အရှေ့တောင်ဘက်ရှိ ရှန်းကျန်းမြို့သည် အထူးစီးပွားရေးဇုန်များအနက် အစောဆုံးတည်ထောင်ခဲ့သော မြို့ဖြစ်ပြီး လက်ရှိစီးပွားရေးယှဉ်ပြိုင်မှု အားအကောင်းဆုံး ထိပ်ဆုံး (၁၀) မြို့ စာရင်းတွင် ပါဝင်လာခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဆီလီကွန်တောင်ကြားဟု လူသိများသော  ရှန်းကျန်းမြို့သည် အဆင့်မြင့်နည်းပညာလုပ်ငန်းစုများ အများဆုံး ရင်းနှီးမြှုပ်နှံထားသည်ကိုတွေ့ရပြီး တရှိန်ထိုး တိုးတက်လာနေသည့် မြို့ဖြစ်ပါသည်။
ယဉ်ကျေးမှုတူညီပြီး စီးပွားရေးအချက်အချာကျသည့် ဟောင်ကောင်၏ မြောက်ဘက်ကပ်လျက်တွင် တည်ရှိခြင်းကြောင့် ဟောင်ကောင်ဘက်သို့  စီးဝင်မည့် FDI များပါ ရှန်းကျန်းဘက်သို့ အလွယ်တကူ စီးဝင်လာခဲ့ကာ နှစ်စဉ်ကမ္ဘာတစ်ဝန်းက စီးပွားရေးလုပ်ငန်းရှင်များနှင့် ရွှေ့ပြောင်းလုပ်သား သန်းပေါင်းများစွာသည် ရှန်းကျန်းမြို့ကို အစုလိုက်အပြုံလိုက် အခြေချလာကြပါသည်။ တရုတ်၏ တံခါးဖွင့်မူအရ တံငါရွာလေးအဖြစ်မှ အောင်မြင်မှုရှိသော မက်ဂါစီးတီးအဖြစ် မြန်မြန် တိုးတက်လာခဲ့သည့် ရှန်းကျန်းသည် ရှန်ဟိုင်းနှင့် ပေကျင်းပြီးလျှင် တရုတ်နိုင်ငံ၏ တတိယအကြီးဆုံးမြို့     ဖြစ်ပါသည်။ ကွမ်ကျိုးမြို့နှင့် ကီလိုမီတာ ၁၀၀ သာ ကွာဝေးကာ ဟောင်ကောင်နှင့်လည်း ကပ်လျက်ရှိနေခြင်းကြောင့် ပုလဲမြစ်ဝှမ်းဒေသတွင်လည်း အကြီးဆုံးမြို့ဖြစ်လာပါသည်။ 

ရှန်းကျန်း၏ စီးပွားရေးအခြေအနေ (၂၀၂၁)

ရှန်းကျန်း၏ ၂၀၂၁ ခုနှစ်အတွက် စီးပွားရေးကို သုံးသပ်ရာတွင် ရှန်းကျန်း၏ ၂၀၂၁ ခုနှစ် ဂျီဒီပီသည် ယွမ် ၃ ထရီလီယံကို ကျော်လွန်ခဲ့ခြင်းကြောင့် ၂၀၂၀ ခုနှစ်ကထက် ၆.၇ ရာခိုင်နှုန်းဖြင့် သိသိသာသာ တိုးတက်လာခြင်း ဖြစ်ပါသည်။ လူတစ်ဦးချင်း၏ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၅၈၈၉ ရှိခြင်းကြောင့် တရုတ်နိုင်ငံတွင် ဝင်ငွေအမြင့်ဆုံးရရှိသည့်မြို့ ဖြစ်ပါသည်။
သတင်းအချက်အလက်နှင့် နည်းပညာဝန်ဆောင်မှု ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းသည် ရှန်းကျန်း၏ အဓိက ဝန်ဆောင်မှုကဏ္ဍဖြစ်ပြီး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့်  ကုန်ထုတ်လုပ်မှု ကဏ္ဍကလည်း အရေးပါသည့်ကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါသည်။
ရှန်းကျန်းသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို မသည်ပင်လယ်အော် ဖွံ့ဖြိုးတိုးတက်ရေးမူကြမ်း (GBA) အရ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မြို့လေးမြို့တွင် ပါဝင်ပြီး နည်းပညာနှင့် သုတေသနဖွံ့ဖြိုးမှုအတွက် ဗဟိုချက်တစ်ခုအဖြစ် သတ်မှတ်ခံရသည့်မြို့ဖြစ်ပါသည်။ ရှန်းကျန်းဂျီဒီပီ၏ ၄ ရာခိုင်နှုန်းခန့်သည် သုတေသနကဏ္ဍမှဖြစ်ပြီး အဆင့်မြင့်နည်းပညာလုပ်ငန်းစုပေါင်းတစ်သောင်းကျော်ခန့်လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေခြင်း ဖြစ်ပါသည်။

နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု 

တရုတ်နိုင်ငံ၏ အကြီးဆုံး ပို့ကုန်မြို့တော်ဖြစ်သည့် ရှန်းကျန်း၏ နိုင်ငံခြားကုန်သွယ်မှုအပိုင်းကို လေ့လာပါက ရှန်းကျန်းဆိပ်ကမ်းသည် ကမ္ဘာ့စတုတ္ထအကြီးဆုံး ဆိပ်ကမ်းဖြစ်ပြီး ကုန်သွယ်မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ၁၆.၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ကာ ပို့ကုန် ၁၃.၅ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။
ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားခဲ့မှုအခြေအနေတွေကြောင့် ကန့်သတ်ချက်များစွာ ထုတ်ပြန်ထားရဆဲ နိုင်ငံများမှဝန်ဆောင်မှုကဏ္ဍအတွက် အကျိုးအမြတ်များစွာရရှိခဲ့ပြီး တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အနည်းငယ်မြင့်တက်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ရှန်းကျန်းသည် ဟောင်ကောင်သို့ အဓိကတင်ပို့ခဲ့ပြီး အာဆီယံမှ အများဆုံးတင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။ 
ရင်းနှီးမြှပ်နှံမှုကဏ္ဍတွင် FDI စီးဝင်မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စီမံကိန်းပေါင်း ၅၀၀၀ ကျော် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ချေးငွေ၊ အခြေခံအဆောက်အအုံနှင့် အိမ်ခြံမြေ အငှားဝန်ဆောင်မှုကဏ္ဍက ၂၈.၇ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှပ်နှံမှုအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ သတင်းအချက်အလက် ဖြန့်ဝေခြင်း၊ ဆော့ဖ်ဝဲနှင့် အိုင်တီဝန်ဆောင်မှုကဏ္ဍ ဖြစ်ပါသည်။ 

အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများ 

နည်းပညာကဏ္ဍသည် ရှန်းကျန်း၏ အဓိကစီးပွားရေးဗဟိုချက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း အရေးပါသည့်ကဏ္ဍတစ်ခုအနေနှင့် ဦးဆောင်နေပါ သည်။ Huawei၊ Tencent၊ ZTE နှင့် DJI တို့ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများသည် ရှန်းကျန်းတွင် အခြေစိုက် ဖွင့်လှစ်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
ရှန်းကျန်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၂၁-၂၀၂၅) အရ ၂၀၂၅ ခုနှစ်တွင် ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများမှ ဂျီဒီပီ ၃၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားပါသည်။ 
အဆိုပါစီမံကိန်းအရ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အသုံးပြုလာသည့် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကြံပြုမှုများ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၊ အခြေခံအဆောက်အအုံများကို  တွန်းအားပေး  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၁၃၄.၅ ဘီလီယံနှင့် ဂျီဒီပီ၏ ၃၀.၆ ရာခိုင်နှုန်းအထိ ရရှိခဲ့သည့်အတွက် ရှန်းကျန်းသည် ဦးတည်ထားသည့်ပမာဏအတိုင်း ရရှိခဲ့သည်ဟု ဆိုရမည် ဖြစ်ပါသည်။
ရှန်းကျန်း၏ အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖြစ်ပြီး  နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ အများဆုံးရှိသည့်နေရာလည်း ဖြစ်လာပါသည်။ အဆင့်မြင့် နည်းပညာများ တီထွင်ဆန်းသစ်လာတာနှင့်အညီ သတင်းအချက်အလက်နှင့် အသွင်ပြောင်း ထုတ်ကုန်များ အသုံးပြုခြင်းမှ ဖြစ်ပေါ်လာနိုင်သည့် ဒေတာအသုံးပြုမှု၊ ယုံကြည်မှု၊ စားသုံးသူ အချက်အလက် လုံခြုံမှုနှင့် အခြားပြဿနာများ၊ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်နိုင်ရန် လိုအပ်လာပြီး ရှန်းကျန်းအထူးစီးပွားရေးဇုန်တွင် မှတ်ဉာဏ်တု (Artificial Intelligent)၊ အလိုအလျောက်မောင်းနှင်ခြင်း (autonomous driving) နှင့် သတင်းအချက်အလက် လုံခြုံမှု (data privacy) တို့ကဲ့သို့ နည်းပညာများအတွက် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို ကနဦး ချမှတ်ဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် ရှန်းကျန်းစီးပွားရေးဇုန်သည် ကောင်းမွန်သည့်မူဝါဒများ ပေါ်ထွက်လာရေးနှင့် အကောင်အထည်ဖော်နိုင်ရေးအတွက် ရှေ့ဆောင်လမ်းပြအဖြစ် ရပ်တည်နေပါသည်။

 

စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ

ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှုကို ထိခိုက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် သိသိသာသာ ပြန်လည်တိုးတက်လာသည်ကို တွေ့ရှိရခြင်းကြောင့် ရှင်းကျန်း၏ အရေးပါသည့် ကဏ္ဍ အဖြစ် ဆက်လက်လည်ပတ်နိုင်သည်ကို တွေ့ရှိရပါသည်။ 
အဆင့်မြင့်နည်းပညာသုံး ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ၂၀၂၀ ခုနှစ်တွင် ၂ ရာခိုင်နှုန်းခန့်မှ ၂၀၂၁ ခုနှစ်တွင် ၄.၇ ရာခိုင်နှုန်းအထိ တိုးမြင့်ထုတ်လုပ်လာနိုင်သည်ကို တွေ့ရပြီး ယခင်နှစ်ကထက် သိသိ သာသာ တိုးတက်လာခြင်း ဖြစ်ပါသည်။ နှစ်စဉ် ပင်မလုပ်ငန်း ၀င်ငွေ ယွမ် သန်း ၂၀ နှင့်အထက်ရှိသည့် စက်မှုလုပ်ငန်းများ၏ အကျိုးအမြတ်များသည်လည်း ၂၀၂၁ ခုနှစ်တွင် ပြန်လည်မြင့်တက်လာခဲ့ပါသည်။ လျှပ်စစ်စွမ်းအင်သုံး ကားများထုတ်လုပ်ခြင်း၊ စက်မှုလုပ်ငန်းသုံး အလိုအလျောက်စနစ်များ၊ စမတ်ဖုန်းများနှင့် သုံးဘက်မြင်ပုံနှိပ်ခြင်းကဲ့သို့ အဆင့်မြင့်နည်းပညာသုံး ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ သိသိသာသာ ဝင်ငွေတိုးတက်ရရှိခဲ့ပါသည်။ 
ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်နစ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Foxconn နှင့် လီသီယမ်-အိုင်းယွန်းဘက်ထရီ ထုတ်လုပ်ရေးကို ကမ္ဘာ့ဈေးကွက်တွင် ဦးဆောင်လျက်ရှိသည့် Contemporary Amperex Technology Co., Limited (CATL) တို့သည် ရှန်းကျန်းအခြေစိုက် ကုမ္ပဏီကြီးများဖြစ်ပါသည်။ 
အဆင့်မြင့်နည်းပညာသုံး ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် လုပ်သားအများဆုံးအသုံးပြုသည့်ကဏ္ဍတစ်ခုဖြစ်ပြီး လုပ်သားလေးသန်းကျော် အသုံးပြုထားကြောင်း သိရှိရပါသည်။ 

ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍ

ရှန်းကျန်းအထူးစီးပွားရေးဇုန်၏ ဘဏ်များ၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၊ အာမခံကုမ္ပဏီများနှင့် အိမ်ခြံမြေ လုပ်ငန်းများမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀.၈ ဘီလီယံ (ဂျီဒီပီ၏ ၁၅ ရာခိုင်နှုန်းခန့်) ရရှိခဲ့ပြီး ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍ တိုးတက်နှုန်းသည် တစ်နိုင်ငံလုံး တိုးတက်မှုနှုန်း ၅.၃ ရာခိုင်နှုန်းကို ကျော်လွန်ပြီး ၈.၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။ 
ဘဏ်လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၁.၇ ထရီလီယံအထိ ရှိခဲ့ပြီး အာမခံဝန်ဆောင်မှုလုပ်ငန်းမှလည်း အမေရိကန်ဒေါ်လာ ၈၅၉.၃ ဘီလီယံအထိ ရရှိခဲ့ပါသည်။ ပင်အန်းဘဏ် (Ping An)၊ တရုတ် ကုန်သည်ကြီးများဘဏ်၊ HSBC ဘဏ်၊ Standard Chartered ဘဏ်နှင့် Citibank တို့သည် ရှန်းကျန်းရှိ အဓိက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါသည်။

မူဝါဒပြုပြင်ပြောင်းလဲမှုများနှင့် ရှန်းကျန်း၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေ

ရှန်းကျန်း၏ မူဝါဒပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို လေ့လာပါက တရုတ်နိုင်ငံ၊ ပြုပြင် ပြောင်းလဲရေးဗဟိုကော်မရှင် (CCCDR) က ၂၀၁၉ ခုနှစ်တွင် အစီအစဉ်သစ်တစ်ခု ကြေညာခဲ့ပြီး ရေရှည်ပန်းတိုင်များအဖြစ် ဆန်းသစ်တီထွင်နိုင်စွမ်းကို တွန်းအားပေးမည့် သုတေသနလုပ်ငန်းများ ပိုမို ဆောင်ရွက်ခြင်းဖြင့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာအဆင့်မီ ဆန်းသစ်တီထွင်မှုဆိုင်ရာ မြို့တော် ဖြစ် လာရန်၊ ၂၀၃၅ ခုနှစ်တွင် နိုင်ငံတကာဆန်းသစ်တီထွင်မှုနှင့် စီးပွားစွမ်းဆောင်ရှင်များ စုဝေးရာ မြို့တော်တစ်ခု ဖြစ်လာစေရန်နှင့် ၂၀၅၀ ခုနှစ်တွင် ယှဉ်ပြိုင်နိုင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ဩဇာလွှမ်းမိုးမှု စံပြနေရာတစ်ခုအဖြစ် နိုင်ငံတကာထိပ်တန်းမြို့တော်များအကြား ရပ်တည်ခွင့်ရရန် စသည်တို့ ပါဝင်ပါသည်။
ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုအနေဖြင့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ တည်ထောင်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်ရန်ဖြစ်ပြီး အာမခံချက်ပေးနိုင်မည့် ပညာရေးကို ‌ဖော်ဆောင်နိုင်ရန် ရည်ရွယ်ထားပါသည်။ ကျန်းမာရေး‌စောင့်ရှောက်မှုကဏ္ဍတွင်လည်း ပုဂ္ဂလိကပိုင် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်နိုင်မည့် မူဝါဒများ ချမှတ်ထားပါသည်။ 
၎င်းအပြင် ဉာဏပိုင်ဆိုင်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အောင်မြင်မှုများနှင့်စပ်လျဉ်းပြီး ဈေးကွက်တွင် ရောင်းချနိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် စံသတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်သွားနိုင်ရေးအတွက် စတင် အကောင်အထည်‌ဖော်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လက်ရှိတွင်တိကျသေချာသည့် အောင်မြင်မှုမတွေ့ရှိရသေးသော်လည်း ဉာဏမူပိုင်ခွင့် (IP) ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီး မြှုပ်နှံမှုပြုလုပ်မည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၏ လိုလားချက်များအတိုင်း ဖြည့်ဆည်းဆောင်ရွက်ခြင်းဖြင့် ရှန်းကျန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်ရန် အားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Qianhai Shenzhen-Hong Kong Modern Service Industry Cooperation Zone 

ကျန်းဟိုင်-ရှန်းကျန်း-ဟောင်ကောင် ခေတ်မီ ဝန်ဆောင်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဇုန်သည် ပြည်မကြီးနှင့် ဟောင်ကောင်အကြား ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အိုင်တီဝန်ဆောင်မှု လုပ်ငန်းများကို လွယ်ကူစေရန် စတင်ခဲ့သည့် စမ်းသပ်ဇုန်တစ်ခုဖြစ်ပြီး  ပုလဲမြစ်ဝှမ်းဒေသ အရှေ့ဘက် ၁၅ စတုရန်းကီလိုမီတာအထိ ကျယ်ပြန့်ပါသည်။ ၎င်းဇုန်ကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး စတုရန်း ကီလိုမီတာ ၁၂၀ အထိ ဆက်လက်ချဲ့ထွင်သွားရန် ရည်မှန်းထားပါသည်။ 
ကျန်းဟိုင်စီမံကိန်းသည် ဟောင်ကောင်-မကာအို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပေါင်းစည်းရန် ရည်ရွယ်ထားပြီး အဆိုပါပူးပေါင်းဆောင်ရွက်ရေးဇုန်မှ ဟောင်ကောင်၏ ငွေကြေးဈေးကွက်ကို ချိတ်ဆက်ပေးခြင်းအပြင် ကုန်စည်စီးဆင်းမှု လွယ်ကူစေရန်ကိုပါ ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားပါသည်။ ဟောင်ကောင်-မကာအို နယ်စပ်ဒေသများတွင် ယွမ်ငွေနှင့် ပေးချေလာနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေကြေး လဲလှယ်မှုဆိုင်ရာ အခက်အခဲများကို လျော့ကျစေမည် ဖြစ်ပါသည်။ နယ်စပ်ဖြတ်ကျော်ဆောင်ရွက်ရသည့် ငွေတိုက်စာချုပ်၊ ငွေချေးစာချုပ်၊ စတော့ရှယ်ယာများနှင့် အာမခံများကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ကျန်းဟိုင်စီမံကိန်းကနေ အပြန်အလှန် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

ရှန်းကျန်း၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံး

ရှင်းကျန်းအထူးစီးပွားရေးဇုန်တွင် လုပ်ငန်းလုပ်ကိုင်ရန်နှင့် ဆက်လက် တိုးချဲ့ဆောင်ရွက်မည့် ကုမ္ပဏီများအနေဖြင့် အကောက်ခွန်နှင့် စည်းကြပ်ခွန်များ လျှော့ချပေးခြင်း၊ အဓိကကျသော စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဝင်ငွေ၏ ရာခိုင်နှုန်းအလိုက် ပြန်လည်ချီးမြှင့်မှုများ ခံစားရခြင်း၊ နည်းပညာမြင့် စက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်သူ ရှားပါးမှုပြဿနာကို ဖြေရှင်းရန် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ပညာရှင်များကို ပေးအပ်မည့် ဆုငွေများ ခံစားရခြင်း စသည့်အခွင့်အရေးများ ရရှိမည် ဖြစ်ပါသည်။ 

COVID-19 ဆိုင်ရာ ကန့်သတ်ချက်များနှင့် သက်သာခွင့်များ

ကိုဗစ်ကပ်ရောဂါကူးစက်မှု ဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် ရှန်းကျန်းစီးပွားရေးသည် ထိခိုက်ခဲ့ရပြီး အဓိကစက်ရုံများအပါအဝင် စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်ခဲ့ရသည့်အပြင်  “dynamic zero-COVID” မူကြောင့် ပိုမိုတင်းကြပ်သည့် ကန့်သတ်ချက်များကြားတွင် အခြားဒေသများနည်းတူ လိုက်ပါဆောင်ရွက်ခဲ့ပါသည်။
သို့သော် အထူးစီးပွားရေးဇုန်အတွင်းရှိ လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီများနှင့် စက်ရုံများအတွက် သက်သာခွင့်များ၊ အစီအမံများကို ချမှတ်ဆောင်ရွက်ပေးခဲ့ပြီး စီးပွားရေးလည်ပတ်မှုကို အချိန်တို အတွင်း ထိန်းညှိနိုင်ခဲ့ပါသည်။ 
ပြုပြင်ထိန်းသိမ်းရေးနှင့် ဆောက်လုပ်ရေးအခွန်၊ အိမ်ခြံမြေခွန်၊ မြို့မြေခွန်နှင့် တံဆိပ်ခေါင်းအခွန် စသည့် အခွန်အခများ တစ်စိတ်တစ်ပိုင်း လျှော့ချပေးခြင်း၊ လူမှုရေးအာမခံ ပရီမီယမ်များနှင့် အိမ်ရာရန်ပုံငွေများ ရပ်ဆိုင်းခြင်း သို့မဟုတ် လျှော့ချပေးခြင်း၊ ငှားရမ်းခများ လျှော့ချခြင်း သို့မဟုတ် လျှော့ပေါ့ပေးခြင်း၊ ရေ၊ လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ငွေ့ကဲ့သို့သော အသုံးစရိတ်များကို လျှော့ချပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများတိုးမြှင့်ပေးခြင်းနှင့် အာမခံထားနှုန်းထားများ လျှော့ချပေးခြင်း စသည့် သက်သာခွင့်များအပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ၊ လက်လီရောင်းချသူများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စသည့် ကပ်ရောဂါဖြစ်ပွားမှုကြောင့် တိုက်ရိုက်ထိခိုက်သည့် လုပ်ငန်းများအတွက်လည်း သီးခြားသက်သာခွင့်များ၊ အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ပါသည်။

 

 

 

လဲ့လဲ့နှင်း (MYANTRADE)

Source: Shenzhen City Profile: Industry, Economics, and Policy Trends (china-briefing.com)

 

Category: International News